မကောင်းတဲ့ အတွေးကွင်းဆက်တွေကနေ ဘယ်လိုရုန်းထွက်ကြမလဲ
Rumination ဆိုတာ တော်တော်လေးအဖြစ်များတဲ့ စိတ်ကျန်းမာရေး လက္ခဏာတစ်ခုဖြစ်ပြီး မကောင်းတဲ့ အတွေးပုံရိပ်တွေကို ကြိမ်ဖန်များစွာ တွေးတတ်သလို ဒီအတွေးတွေကနေလည်း ရုန်းထွက်ခြင်းမရှိဘဲ ကိုယ့်အတွေးကြောင့်ပဲ ကိုယ့်စိတ်နဲ့ခန္ဓာကို ဒုက္ခဖြစ်စေပါတယ်။
Rumination ဘယ်နှစ်မျိုးရှိလဲ?
- Brooding - ကိုယ့်ကိုယ်ကို ဒါမှမဟုတ် ပြဿနာတစ်ခုခုကို မကောင်းတဲ့ရှုထောင့်ကနေ ရှုမြင်သုံးသပ်ခြင်း
- Reflection - ဖြစ်သွားခဲ့တဲ့ပြဿနာတွေအတွက် အကြောင်းရင်းခံနဲ့ အဖြေရှာဖို့ မကောင်းတဲ့ရှုထောင့်မှ ရှုမြင်သုံးသပ်ခြင်း
- Intrusive - ဖြစ်ပြီးသွားတဲ့အခြေအနေတစ်ခုနဲ့ ဆက်စပ်ပြီး မကောင်းတဲ့အတွေးတွေ ထိန်းချုပ်မရအောင် သူ့အလိုလို ဝင်လာတတ်ခြင်း
- Deliberate - ပြဿနာတစ်ခုကို ဘက်ပေါင်းစုံကနေ နားလည်မြင်တတ်ဖို့အတွက် အချိန်အကြာကြီးပေးပြီး သုံးသပ်ဖြေရှင်းဖို့ တွေးနေတတ်ခြင်းဆိုပြီး (၄) မျိုးခွဲလို့ရပါတယ်။
Rumination ကိုယ်တိုင်က ရောဂါမဟုတ်ဘဲ လက္ခဏာတစ်ခုဖြစ်နေတယ်ဆိုပေမယ့် သူ့မှာဆိုးကျိုးပြဿနာတွေအနေနဲ့ -
- အကောင်းမြင်စိတ်ပျောက်သွားပြီး အရာရာကို မကောင်းမြင်တတ်လာမယ်။
- ကိုယ့်ဘဝ၊ တစ်နေ့တာမှာဖြစ်ပျက်ခဲ့သမျှ မကောင်းတဲ့အရာတွေကိုပဲ ဦးစားပေးရှုမြင်တတ်လာမယ်။
- Rumination ကိုဖြစ်စေတဲ့ နဂိုအခံ စိတ်ရောဂါတွေကို ပိုဆိုးရွားသွားစေနိုင်တယ်။
- စိတ်ဓာတ်ကြံ့ခိုင်မှု ပိုမိုကျဆင်းလာပြီး တခြားစိတ်ပိုင်းဆိုင်ရာ ပြဿနာတွေပါ ပိုဝင်လာနိုင်ပါတယ်။
- ညဘက်တွေမှာ ကောင်းကောင်းအိပ်မပျော်တော့ဘဲ အတွေးတွေလွန်လာနိုင်တယ်။
- Rumination ကြောင့် ညစ်ထွေးနေတဲ့ ကိုယ့်စိတ်ကနေ လုပ်မိလိုက်တဲ့ အပြုအမူတွေဟာ ကိုယ့်ဘေးကလူတွေကိုပါ သွားပြီး အနှောင့်အယှက်သွားဖြစ်စေနိုင်ပါတယ်။
ဒါကြောင့် ကိုယ့်မှာ Rumination လို့ခေါ်တဲ့ မကောင်းတဲ့အတွေးတွေကို အဆက်မပြတ်တွေးနေတတ်တဲ့ အကျင့်ရှိနေပြီဆိုရင် ဒါကို ဖျောက်ဖို့ ဒါမှမဟုတ် ထိန်းချုပ်ဖို့ စတင်လုပ်ဆောင်သင့်နေပါပြီ။ စိတ်ကိုထိန်းချုပ်တယ်ဆိုတာ လွယ်တဲ့ကိစ္စတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ကိုယ့်ဘက်ကနေ ကိုယ့်ရဲ့ပြဿနာကို အရှိအတိုင်း နားလည်လက်ခံပြီး နေ့စဉ်နေ့တိုင်း စိတ်ရှည်ရှည်နဲ့ ဒီစိတ်ပိုင်းဆိုင်ရာအခြေအနေကို ကိုယ်လိုချင်တဲ့ အံခွက်အတိုင်း ပုံစံကျအောင် ပြောင်းလဲနိုင်ဖို့ကသာ အဓိကပါ။
ဒီလိုပြောင်းလဲဖို့အတွက် အဓိကလုပ်ပေးရမှာတွေကတော့…
- တွေးလိုက်တဲ့အတွေးတွေကို စာအုပ်မှာရေးချပါ။ ဒီလိုရေးချလိုက်တဲ့အခါ ကိုယ့်စိတ်ထဲဖြစ်နေတဲ့အရာတွေကို ကိုယ့်မျက်စိနဲ့ မျက်ဝါးထင်ထင်မြင်ရနိုင်ပြီး ဒါကိုဘယ်လိုဖြေရှင်းလို့ရနိုင်မလဲဆိုတဲ့ အဖြေကိုသုံးသပ်ရတာ ပိုလွယ်ကူသွားနိုင်ပါတယ်။
- ကိုယ့်အတွေးတွေကို အာရုံလွှဲပါ။ များသောအားဖြင့် လုပ်စရာအလုပ်မရှိတဲ့အခါ လူ့သဘာဝအရ ဦးနှောက်က ဟိုဟိုဒီဒီလျှောက်တွေးနေတတ်ပါတယ်။ ဒါကိုဖျောက်ဖို့ဆိုရင် ဦးနှောက်အတွက် အလုပ်ပေးပါ။ ကိုယ့်အနားမှာရှိတဲ့ အိမ်အလုပ်၊ သန့်ရှင်းရေးတစ်ခုခု ထလုပ်တာ၊ ရေထချိုးတာ၊ လေ့ကျင့်ခန်းလုပ်တာ၊ ရုပ်ရှင်ကြည့်တာမျိုး လုပ်ပေးပါ။
- တရားများများထိုင်ပေးပါ။ တရားထိုင်တဲ့အကျင့်က ဘာသာရေးအတွက်တင်မကဘဲ စိတ်ကျန်းမာရေးအတွက်ပါ ကောင်းကျိုးများစွာပေးနိုင်ပါတယ်။ တရားထိုင်တဲ့အခါ စိတ်ကိုတည်ငြိမ်စေပြီး စိတ်ဖိစီးမှုတွေကို လျော့ကျစေတယ်၊ ဒါ့အပြင် မကောင်းတဲ့အတွေးတွေကို တိုက်ထုတ်ပေးပြီး အရာရာကို အပြုသဘောဆောင် အကောင်းမြင်တတ်လာစေပါတယ်။
- Confidence ရှိအောင်လုပ်ပါ။ ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိတဲ့အခါ ဖြစ်မှဖြစ်ပါ့မလား၊ အောင်မြင်ပါ့မလား ဆိုတဲ့ မကောင်းတဲ့အတွေးတွေက ပိုဝင်လာတတ်ပါတယ်။ Confidence ရှိနေခြင်းက စိတ်ဓာတ်ကြံ့ခိုင်မှုအတွက်လည်း ကောင်းသလို လူတစ်ယောက်အနေနဲ့ ကျန်းမာပျော်ရွှင်တဲ့ ဘဝနေထိုင်မှုပုံစံဖြစ်လာစေဖို့ ကူညီပေးနိုင်ပါတယ်။
အကယ်လို့ ကိုယ့်မှာ ဒါမှမဟုတ် ကိုယ့်မိသားစုဝင်တွေမှာ စိတ်ကျန်းမာရေးနဲ့ပတ်သက်လို့ ပုံမှန်မဟုတ်တဲ့ အပြုအမူလက္ခဏာတွေ တွေ့နေရတတ်တယ်ဆိုရင်တော့ နားလည်တတ်ကျွမ်းတဲ့ စိတ်ဆရာဝန်တွေနဲ့ တိုင်ပင်ပြသကြည့်သင့်ပါတယ်။
ရဲမျိုးမြတ်